ကလေးရနိုင်ခြေကို လျော့နည်းစေတတ်တဲ့ နေထိုင်မှုပုံစံအမှားများ
အိမ်ထောင်သည်တွေ အများအပြား ရင်ဆိုင်ရတဲ့ စိန်ခေါ်မှုတွေထဲမှာ ကလေးယူဖို့ဟာလည်း တစ်ခုအပါအဝင်ပါပဲ။ အခြေအနေအကြောင်းအမျိုးမျိုးကြောင့် ခင်ပွန်းသည်မှာဖြစ်စေ၊ ဇနီးသည်မှာဖြစ်စေ ကလေးရနိုင်ခြေ နည်းသွားတာ၊ မြုံနေတဲ့အခါ၊ အိမ်ထောင်ဟာ သားသမီးရတနာထွန်းကားဖို့ တော်တော်လေး အခက်တွေ့သွားနိုင်ပါတယ်။
ဒါ့အပြင် ကိုယ်တိုင်မထင်ထားမိတဲ့၊ ကလေးရနိုင်ခြေကို လျော့နည်းစေတဲ့ ဘဝနေထိုင်မှုပုံစံတွေကတော့
၁။ ကိုယ်အလေးချိန် များလွန်းခြင်း
ဘာအကြောင်းကြောင့်ဖြစ်စေ၊ ကိုယ့်ရဲ့ကိုယ်အလေးချိန်က အသက်အရွယ်အလိုက် ရှိသင့်ရှိထိုက်တဲ့ အလေးချိန်ထက် များလွန်းနေတဲ့အခါ ကိုယ်ဝန်ရနိုင်ဖို့ ခက်ခဲနိုင်သလို၊ ကိုယ်ဝန်ဆောင်တဲ့အခါမှာလည်း ပျက်ကျနိုင်ခြေ ပိုများပါတယ်။ ဘာကြောင့်လဲဆိုတော့ အဝလွန်ခြင်းဟာ ခန္ဓာကိုယ်ရဲ့ မဟော်မုန်းထုတ်လုပ်မှုအပေါ် သက်ရောက်မှုရှိစေပြီး မမျိုးဥကြွေခြင်းလုပ်ငန်းစဉ်ကို ထိခိုက်စေတာကြောင့် ကလေးရနိုင်ခြေကို လျော့နည်းစေရတာပဲ ဖြစ်ပါတယ်။
၂။ အာဟာရဓာတ် မပြည့်ဝခြင်း
လူတစ်ယောက် တစ်နေ့တာမှာ ကျန်းမာနေစေဖို့ အာဟာရဓာတ် ပြည့်ဝစွာစားသုံးဖို့ အရမ်းအရေးကြီးပါတယ်။ ယောက်ျားလေးဖြစ်စေ၊ မိန်းကလေးဖြစ်စေ အာဟာရဓာတ် လုံလောက်စွာ မစားဘူးဆိုရင် ကျန်းမာရေးထိခိုက်စေရုံသာမက မျိုးအောင်နိုင်ခြေကိုပါ လျော့ကျစေနိုင်ပါတယ်။ ဒါ့အပြင် ဖခင်၊ မိခင်ဖြစ်သူရဲ့ အာဟာရမပြည့်ဝမှုဟာ မွေးလာတဲ့ကလေးကိုပါ သွားသက်ရောက်မှုရှိပြီး ကလေးက ကိုယ်အလေးချိန်မပြည့်ဘဲ မွေးလာတာ၊ ကျန်းမာရေးချူချာတာတွေပါ ဖြစ်လာနိုင်ပါတယ်။
၃။ ကိုယ်လက်လှုပ်ရှားမှု မရှိတာ
အထိုင်များခြင်းဟာ ကျန်းမာရေးကို သိသိသာသာ ထိခိုက်စေနိုင်ပါတယ်။ ကိုယ့်ရဲ့တစ်နေ့တာမှာ အနည်းဆုံးနာရီဝက်လောက်တောင် မလုပ်ဘူးဆိုရင် အမျိုးသားတွေရော အမျိုးသမီးတွေမှာပါ လိင်ဟော်မုန်းထုတ်လုပ်မှု ကျဆင်းသလို၊ အမျိုးသားတွေမှာ သုက်ပိုးတွေရဲ့ ကူးခတ်မှုကျဆင်းသလို၊ အမျိုးသမီးတွေရဲ့ မမျိုးဥကြွေချိန်ကိုလည်း နှောင့်နှေးစေနိုင်ပါတယ်။ အဲဒီလိုပဲ၊ ဆန့်ကျင်ဘက်အနေနဲ့ လေ့ကျင့်ခန်းကို အလွန်အကျွံလုပ်တဲ့အခါမှာလည်း အမျိုးသမီးတွေရဲ့ မျိုးအောင်နိုင်ခြေကို ထိခိုက်စေတာကြောင့် တန်ဆေး၊ လွန်ဘေးဆိုတဲ့ ဆောင်ပုဒ်ကို မမေ့လျော့ဖို့ သတိချပ်စေချင်ပါတယ်။
၄။ ဆေးလိပ်၊ အရက်သောက်ခြင်း
ဆေးလိပ်နဲ့ အရက်က ကျန်းမာရေးအတွက် ဆိုးကျိုးများစွာ ဖြစ်စေနိုင်သလို ကိုယ်ဝန်ဆောင်ဖို့ ကြိုးစားနေတဲ့ စုံတွဲတွေမှာလည်း ကလေးရနိုင်ခြေကို သိသိသာသာ လျော့ကျစေပါတယ်။ ဒါ့အပြင် ကိုယ်ဝန်ဆောင်နေသူမိခင်လောင်းက ဆေးလိပ်သောက်သုံးတဲ့အခါ ကလေးပျက်နိုင်ခြေကို မြင့်တက်စေသလို၊ ဖခင်လောင်းဖြစ်သူက ဆေးလိပ်သောက်တယ်ဆိုရင်လည်း မွေးလာတဲ့ကလေးရဲ့ ကိုယ်တွင်းအင်္ဂါတွေကို အားနည်းထိခိုက်စေနိုင်ပါတယ်။ အရက်သည်လည်း ထိုနည်းတူပဲ၊ ကိုယ်ဝန်ဆောင်နေချိန်မှာ မိခင်ဖြစ်သူနဲ့ သန္ဓေသားရဲ့ ကျန်းမာရေးကို ထိခိုက်စေနိုင်ပါတယ်။
တခြားသော အချက်တွေအနေနဲ့
· စိတ်ဖိစီးမှုများလွန်းတာ
· ရုပ်ခန္ဓာဆိုင်ရာ ပြဿနာတွေရှိတာ
· အမျိုးသားတွေမှာ သုက်ပိုးထုတ်လုပ်တဲ့ ဝှေးစေ့ကို ထိခိုက်မိတာ
· အမျိုးသမီးတွေမှာ မိန်းမကိုယ်၊ သားအိမ်မှာ ပြဿနာဖြစ်နေတာ
· သရေစာတွေ အစားများပြီး အစားရွေးတာ
· အလုပ်လုပ်ချိန် များလွန်းတာ
· ကလေးယူဖို့ လောကြီးနေတာမျိုးကြောင့်လည်း ကိုယ်ဝန်ရနိုင်ခြေကို လျော့နည်းစေနိုင်ပါတယ်။
ဒါကြောင့် စုံတွဲတွေအနေနဲ့ မင်္ဂလာမဆောင်ခင်ကတည်းက ကလေးယူဖို့ ဆုံးဖြတ်ချက်ချထားတယ်ဆိုရင် ကိုယ့်ကျန်းမာရေးနဲ့ မျိုးအောင်နိုင်ခြေကို ထိခိုက်စေမယ့် နေထိုင်စားသောက်မှုပုံစံကို ရှောင်ထားဖို့ အလွန်အရေးကြီးပါတယ်။ ဒါ့အပြင် လိုအပ်တဲ့ မျိုးအောင်နိုင်မှု စစ်ဆေးခြင်းတွေဖြစ်တဲ့
· ကိုယ်အလေးချိန် တိုင်းတာစစ်ဆေးမှု
· ရုပ်ခန္ဓာပိုင်းဆိုင်ရာ ချို့ယွင်းချက်များ ရှိမရှိ စစ်ဆေးမှု
· မမျိုးဥ၊ သုက်ပိုးကျန်းမာရေး စစ်ဆေးမှု
· လိင်အင်္ဂါမှာ ပုံမှန်မဟုတ်တဲ့ ချို့ယွင်းမှုများ စစ်ဆေးမှု
· သွေးစစ်ဆေးခြင်း
· လိင်မှတစ်ဆင့် ကူးစက်ရောဂါများ စစ်ဆေးခြင်း
· အာထရာဆောင်းဖြင့် သားအိမ်အား စစ်ဆေးခြင်း စတာတွေကို ကြိုစစ်ဆေးထားဖို့ လိုအပ်ပါတယ်။
ရေးသားသူ - ရဲမျိုးမြတ်
Kyaw Myo Tun 13 Jan 2023 |
It's good.